About Us

“စံချိန်မှီစက်ကိရိယာ တီထွင်မှု့လုပ်ငန်း” ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်

“စံချိန်မှီစက်ကိရိယာ တီထွင်မှု့လုပ်ငန်း” ကို ၁၉၅၅ ခုနှစ်တွင် မန္တလေးမြို့၌ ဦးဘတုတ်မှ စတင်တည်ထောင်ခဲ့ပါသည်။ စတင်တည်ထောင်စတွင် အလုပ်သမား(၅)ဦးခန့်ဖြင့် စက်ကိရိယာများ တီထွင်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါသည်။ အဓိကတီထွင်ထုတ်လုပ်သော စက်ကိရိယာများမှာ (၁) ဆေးပြားရိုက်စက်၊ (၂) ဆေးလုံးလုံးစက်၊ (၃) လွန်းနှစ်ချောင်းညှစ်စက်၊ (၄) အမှုန့်ကြိတ်စက်အမျိုးမျိုး၊ (၅) မွှေစက်အမျိုးမျိုး၊ (၆) ကြက်သွန်လှီးစက်/ ဂျင်းမျှင်လှီးစက်၊ (၇) ပဲအစိုအခွန်ချွတ်စက်၊ (၈) အာလူးအခွန်ချွတ်စက်၊ (၉) အုန်းနို့ညှစ်စက်၊ (၁၀) အခြောက်ခံစက် တို့ဖြစ်ပါသည်။

၁၉၉၁ ခုနှစ်တွင် မန္တလေးမြို့တွင်းမှ စက်မှု့ဇုန်သို့ ပြောင်းရွှေ့ခဲ့ပြီး စံချိန်မှီ၏ ဒုတိယမျိုးဆက်ဖြစ်သော ဦးနေဝင်းမှ ဦးဆောင်၍ စက်မှု့လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။ ဝန်ထမ်းအင်အား(၂၅)ဦးခန့်ဖြင့် ရုံးအဖွဲ့နှင့် စီမံခန့်ခွဲမှုမန်နေဂျာ၊ ထုတ်လုပ်မှုမန်နေဂျာများ ခန့်အပ်၍ စနစ်တကျ တိုးတက်အောင်မြင်အောင် လုပ်ကိုင်နိုင်ခဲ့ပါသည်။ အထက်ပါစက်ကိရိယာများအပြင် လယ်ယာသုံးကုန်ပစ္စည်းဖြစ်သော တစ်လုံးထိုးအင်ဂျင်၏ ရေပြန်ဖုံးများကိုလည်း အရေအတွက် မြောက်မြားစွာဖြင့် ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါသည်။

ခေတ်မှီနည်းပညာများအသုံးပြု၍ စက်ကိရိယာများကို တီထွင်ထုတ်လုပ်ခြင်းဖြင့် ဈေးကွက်လွှမ်းမိုးမှုရရှိအောင်နှင့် “စံချိန်မှီ” ဟူသောအမည်ကို စက်ကိရိယာတီထွင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် နာမည်တစ်ခု အမှတ်တံဆိပ်တစ်ခု (Brand) ရအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကွန်ပျူတာအသုံးပြု၍ စက်ကိရိယာများကို ပုံစံထုတ်၍ (Auto CAD Software အသုံးပြုစက်ဒီဇိုင်းများ ရေးဆွဲခြင်း) စက်ကိရိယာအမျိုးပေါင်း (၂၅)မျိုးခန့်ကို တိုးတက် ထုတ်လုပ်နိုင်ခဲ့ပါသည်။ အပ်နှံသူလုပ်ငန်းရှင်များ၏ လိုအပ်ချက်နှင့် ကိုက်ညီသော စက်ကိရိယာများကို ပုံစံထုတ် ဒီဇိုင်းရေးဆွဲပေး၍ ပြုလုပ်ပေးနိုင်ခဲ့ပါသည်။

ယခုအချိန်၌ ဝန်ထမ်းအင်အား(၇၄)ဦးခန့်ဖြင့် စက်ကိရိယာအမယ်သစ်များကို တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါသည်။ အထက်ပါ စက်ကိရိယာများအပြင် ခေတ်၏ လိုအပ်ချက်အရ တိုးတက်ထုတ်လုပ်ခဲ့သော စက်ကိရိယာများမှာ (၁) အုတ်ရိုက်စက်၊ (၂) ကွန်ကရစ်မွှေစက်၊ (၃) ဓာတ်မြေသြဇာလုံးစက်၊ (၄) ဆပ်ပြာညှစ်စက်၊ (၅) လွန်တစ်ချောင်းညှစ်စက်၊ (၆) ကွန်ဗေယာ (သယ်ယူပို့ဆောင်သောစက်)၊ (၇) ကရိုင်းဖြတ်စက်၊ (၈) ဆန်မှုန့်အစိုကြိတ်စက်၊ (၉) အမှုန့်ရောနှောစက်၊ (၁၀)ဆိုက်ကလုန်း အမှုန့်ကြိတ်စက်၊ (၁၁) စိုက်ပျိုးရေးသုံး မြေတူးစက်၊ (၁၂) လက်ဖက်ခြောက်လှော်အိုး အစရှိသည်တို့ ဖြစ်ကြပါသည်။

ယခုအခါ စံချိန်မှီ စက်ကိရိယာတီထွင်မှုလုပ်ငန်းကို ပပ-၁၈/၂၀+၂၁၊ စက်မှု့ဇုန်(၁)၌ ခေတ်မှီနည်းပညာများကို အသုံးပြု၍ စက်ကိရိယာများကို ဆက်လက်တီထွင် ထုတ်လုပ်ဆောင်ရွက်လျက် ရှိပါသည်။